တိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး

ပုသိမ် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အင်္ဂပူမြို့နယ်၊  ဘုရားကွင်းကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကစာရင်း ရေးသွင်းမှုများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများ ပြည့်စုံမှန်ကန်စေရေး စနစ်တကျ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်အောင်မြို့နယ် ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊  ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ်၊ ကန်စွန်းခုံကျေးရွာ အုပ်စုသို့​သွားရောက်၍ မိုး​ကြိုနေကြာ ဆင်းရွှေကြာ-၂ ရိတ်သိမ်းပြီးစီး၍ မျို့သန့်ရွေးခြယ်​ထားရှိမှုအား ကြည့်ရှုခဲ့သည်။ ထို့​နောက် တောင်သူဦးရန်အေး၏ စိုက်ဧက(၂)ဧကတွင် Super Sun(41) မိုးနေကြာ မျိုးစေ့များ စု​ပေါင်းစိုက်ပျိုးပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကာ တိုင်းဒေသကြီးအတွက် ရာနှုန်းပြည့်ဆီဖူလုံမှုရှိ​အောင် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ သီးနှံစိုက်ပျိုးမှုနှင့် အထွက်နှုန်းများအား မှတ်တမ်းထားရှိကြရန်လို​ကြောင်း၊ စိုက်ပျိုး​​ရေးပညာရှင်များဖြင့်လည်း ​တောင်သူအသိပညာ​ပေး​ဆွေး​နွေးပွဲများ ​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်​အောင်ခရိုင်၌ မိုး​နေကြာစိုက်ဧက (၆၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ပြီး ဖြစ်ထွန်း​​အောင်မြင်​အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြ​စေလို​ကြောင်း ပြောကြားခဲ့ပြီး ​ဒေသခံ​တောင်သူများအား မိုး​နေကြာ စိုက်ပျိုး​ရေးအတွက်  နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်မြို့၊ သဘာဝမီးစက်လမ်းရှိ “ကောင်းသန့်” ဆီစက်သို့သွားရောက်ခဲ့ပြီး မြေပဲ၊ နေကြာဆီများ သန့်စင်ကြိတ်ခွဲထုတ်လုပ်မှု၊ ​ရောင်း၀ယ်​နေမှုများကို လိုက်လံကြည့်ရှုကာ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီ ဆီကြိတ်စက်များနှင့် နေကြာဆီများ ပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)