မဟာမကုဋရံသီဆံတော်ရှင်မြတ် မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် (အဋ္ဌမအကြိမ်) အလှူငွေ ကျပ်သိန်း (၆၅၀၀) ​ကျော် ပေးအပ်လှူဒါန်း

ပုသိမ် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၌ တည်ထားကိုးကွယ်တော်မူပြီး ဧရာဝတီတိုင်းဒေသကြီး၏ ထင်ရှားသောဘုရား စေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် (အဋ္ဌမအကြိမ်) အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ်လ (၃၁) ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။

အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်း​မြေ့စွာဖူး​မြှော်နိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများအား အလှူငွေရရှိမှုပေါ်မူတည်၍ အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခိုင်ခံမှုအားနည်းသောနေရာများကိုလည်း တွေ့ရှိရပြီး ပိုမိုခိုင်ခန့်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ  အရည်အသွေးပြည့်မီစေရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လာမည့်နှစ်ဘုရားပွဲတော်မတိုင်မီ ရင်ပြင်​တော်တိုးချဲ့ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြေားကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့်အခြေအနေ မှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိဌာနဆိုင်ရာများ၊ သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများ၏ ကုသိုလ်ယူပါဝင်လှူဒါန်းကြသည့် အလှူငွေများအား သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးများက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်ခဲ့သည်။

ယင်းနောက် မြတ်မော်တင်စွန်းစေတီတော် ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပြင်ပအလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက   လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းလုပ်ငန်းများအတွက် (အဋ္ဌမအကြိမ်) အလှူငွေပေးအပ် လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များမှ ကျပ်သိန်းပေါင်း​ခြောက်​ထောင်ငါးရာကျော် စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ၌ပင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌများ၊ ဆန်ကုန်သည်အသင်းဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး “တိုင်းဒေသကြီးသည် မိုးစပါး၊ နွေစပါးဧက (၅၂) သိန်းကျော်စိုက်ပျိုးပြီး စပါးတင်းသိန်းပေါင်း (၄) ထောင်ကျော် ထွက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိသောကြောင့် တိုင်းပြင်ပသို့ တစ်လလျင် ဆန်အိတ်ပေါင်း (၇) သိန်းမှ (၈) သိန်းအထိ တင်ပို့လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးတောင်သူများအတွက် နိုင်ငံ့သွင်းအားစုရန်ပုံငွေများဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ တစ်ဧက (၁၀) တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ဧကပြည့်မီ​ကျော်လွန်​အောင် စိုက်ပျိုးနိုင်သည့်အပြင် အထွက်နှုန်းတိုးလာကာ စပါးများပိုမိုထွက်ရှိလာမည်ဖြစ်ရာ ဆန်​စျေးနှုန်းတည်ငြိမ်ကျဆင်းလာ​စေရန် အ​ထောက်အကူပြုပါ​ကြောင်း၊ ယခုချိန်တွင်​ ကောက်စောစပါးများ စတင်​ပေါ်လာပြီဖြစ်ပါ​ကြောင်း တိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်၏ အမျိုးသားရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊   အခြေခံစားကုန်များ စျေးနှုန်းတည်ငြိမ်ကျဆင်း​ရေးအတွက် ပူး​ပေါင်းပါ၀င်​ဆောင်ရွက်​ပေးရန်​" ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ လှမင်းထွဋ်(ပြန်/ဆက်)