ပွင့်ဖြူမြို့နယ်၌ ပြည်သူများအား စားသောက်ရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

ပွင့်ဖြူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆက်သွယ်ရေး (စာတိုက်) ရုံးအနီးတွင် တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန် များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် မနောသုခ ဆန်(၁)ပြည်လျှင် ငွေကျပ် ၂၅၀၀ နှုန်း ၊ ဆီ (၁)ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်း၊  ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၄၀ နှုန်း၊ ပဲသီး(၁)စည်းလျှင် ငွေကျပ် ၁၀၀ နှုန်း၊ ခရမ်းသီး(၁)လုံး ငွေကျပ် ၁၀၀ နှုန်း၊ ဘူးရွက် တစ်စည်းလျှင် ငွေကျပ် ၅၀ နှုန်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ငွေကျပ် ၅၀ နှုန်း၊ ကန်စွန်းရွက် တစ်စည်းလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း (၆)မျိုးကို သက်သာသော ဈေးနှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ဆန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက  စနစ်တကျ  ရောင်းချ ပေးခဲ့ရာ ဒေသခံပြည်သူ ၁၅၀ ဦးခန့်က အားပါးတရ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။  ယခုကဲ့သို့ အခြေခံစားကုန် ပစ္စည်းများအား ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင် ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံက သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဒေသခံပြည်သူများထံ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကြည့်ရှုအားပေးပြီး ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )