ကသာမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် တန်ဖိုးသင့်စာသောက်ကုန်းများ ရောင်းချပေး

ကသာ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခြေခံလူ တန်းစားများအနေဖြင့် တန်ဖိုးသင့်စာသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် (၈) နာရီခွဲ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်း ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ကြက်သွန်နီ (၃၀) ကျပ်သား၊ ကြက်ဥသုံးလုံးပါ ပစ္စည်းသုံးမျိုးကို ငွေကျပ် (၄၀၀၀) နှုန်းဖြင့် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် တစ်ကြိမ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)