ဘုတ်ပြင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတစ်ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကြပ်မတ် ကုသ

ဘုတ်ပြင်း၊ အောက်တိုဘာလ ၁၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတစ်ဦးအား  အောက်တိုဘာလ ၁၃ ရက်နေ့က ပြည်သူ့ဆေးရုံအတွင်းရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးဝါး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
ပိုးတွေ့လူနာမှာ ဘုတ်ပြင်းမြို့နယ် မိုးလုံလေလုံ  Facility Quarantine ဝင်ရောက်နေ သူဖြစ်ပြီး   Facility Quarantine ဝင်ရောက်နေသူ   ၄   ဦးအား Swab နမူနာယူကာ  စစ်ဆေးရာမှ ပိုးတွေ့ရှိပြီး ကျန်သုံးဦးမှာ ပို့မတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာအား ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် မေတ္တာပီတိပရဟိတ လူနာတင်ယာဉ်ဖြင့် ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျက် ရှိသည်။   

ထိုပိုးတွေ့လူနာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ ထုတ်ပြန်ထားသော ဓာတ်ခွဲအတည်ပြုလူနာစာရင်းတွင် ပါရှိသူတစ်ဦးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းထွန်းကျော်ထံမှသိရသည်။
သန်းထွန်းဦး (ဘုတ်ပြင်း၊ ပြန်/ဆက်)