မြိတ် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ စက်တင်ဘာ(၁)ရက် နေ့လယ်ပိုင်းက မြိတ်မြို့ မြိတ်တောင်ကျေးရွာရှိ အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်းတွင် ပန်းခင်း(၂) စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပန်းခင်း(၂)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးမှ မြိတ်တောင်ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အိမ်ထောင်စု Server ကို ကွန်ပျူတာနှင့် ချိတ်ဆက်ဆောင်ရွက်၍ အိမ်ထောင်စု စစ်ဆေးခြင်း၊ (နိုင်) နံပါတ်ဖြည့်သွင်းခြင်း၊ သေဆုံး/ပယ်ဖျက်ခြင်း၊ မွေး/တိုးဆောင်ရွက် ပေးခြင်းတို့ကို တခါတည်း ဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး နေ့ချင်းပြီး ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ပြည်သူများအား ဝန်ကြီးချုပ်က ပေးအပ်ခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်(မြိတ်)သို့ ရောက်ရှိခဲ့ကြပြီး တက္ကသိုလ် ဆရာ/မများနှင့် တွေဆုံခဲ့ရာ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်စိုးလွင်က တက္ကသိုလ်ဆိုင်ရာ သင်ကြားသင်ယူမှု အခြေအနေများနှင့် တက္ကသိုလ်၏ လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး ဆရာ/မများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ကျောင်းသား/သူများကို လူတော်လူကောင်းများ ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း သင်ကြားဆောင်ရွက်ပေးကြရန် ပြောကြားပြီး တက္ကသိုလ်၏ လိုအပ်ချက်များ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်အားကစားပြိုင်ပွဲများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နည်းပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ဆရာမများ အား တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက် များနှင့် ဆရာ/မများ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာ တက္ကသိုလ်သို့ ရောက်ရှိခဲ့ကြရာ တာဝန်ခံဆရာမက တက္ကသိုလ်ဆိုင်ရာ သင်ကြားသင်ယူမှု အခြေ အနေများနှင့် တက္ကသိုလ်၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျောင်းသား/ သူများကို လူတော်လူကောင်းများဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း သင်ကြား ဆောင်ရွက်ပေးကြရန် ပြောကြားပြီး တက္ကသိုလ်၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)