သရက်ချောင်း စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-မ-က)ပန်းတောမူလွန်ကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာရေးကို ဆုံးတိုင်အောင်သင်ယူကြရန်၊ ဆရာ/ဆရာမများ၏ ပြောစကားကိုလေးနက်ထား နားထောင်ကြရန်၊ စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်အောင် ကြိုးစားပေးစေလိုကြောင်း စသည့်ဖြင့် အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေးက အားကစားနည်းများအကြောင်း၊ ပြေးခြင်း၏ ထိပ်တန်း အကျိုးကျေးဇူး(၁၀)ချက်၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ အားကစား၏အဓိပ္ပါယ်၊ လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ အကြောင်းကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန်အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက် ရှင်းလင်းပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်း အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခြင်း၊ ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ (အ-မ-က) ပန်းတောမူလွန် ကျောင်းအုပ်ဆရာကြီး ဦးဆန်းမင်းက ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်း စည်းကမ်းများကို လိုက်နာကြရန်၊ ကျောင်းသား/ကျောင်းသူ အချင်းချင်းဝိုင်းဝန်းရိုင်းပင်းကူညီပေးစေလိုကြောင်း၊ ကျောင်းသား/ကျောင်းသူများ အချင်းချင်း စည်းလုံးညီညွတ်မှု ရှိစွာ နေထိုင်ကြရန်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ပေးအပ်ကာ (အ-မ-က)ပန်းတောမူလွန် ကျောင်းအုပ်က လက်ခံရယူခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များအား ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)