သာသနာ့နွယ်ဝင်သီလရှင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများပြုလုပ်

ပဲခူး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာလ(၁)ရက်နေ့က ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ သဒ္ဓမ္မဂုဏ်ရည်သီလရှင် စာသင်တိုက်နှင့် ပညာရေးကျောင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နှင်းရေးနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက အကြမ်းဖက်/လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက လက်ဆေးခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် သဒ္ဓမ္မဂုဏ်ရည်သီလရှင်စာသင်တိုက်နှင့် ပညာရေးကျောင်းအပါအဝင် သီလရှင်ကျောင်းတိုက်ပေါင်း (၂၄) ကျောင်းမှ သာမဏေများ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ စုစုပေါင်း (၆၀၀) ပါးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာ တိုင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သဒ္ဓမ္မဂုဏ်ရည်သီလရှင် စာသင်တိုက်နှင့်ပညာရေးကျောင်း၊ တာဝန်ခံသီလရှင် ဆရာကြီးထံ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက် (၂၄) တိုက်မှ သီလရှင်ဆရာကြီး၊ ဆရာလေးအပါး (၆၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများက အာဟာရနှင့် ပတ်သက်သည့် ရောဂါများ၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်းများ၊ သွားကျန်းမာရေးနှင့်ပတ်သက်သည့် ရောဂါများ၊ တီဘီရောဂါ၊ ငှက်ဖျား၊ အနာကြီးရောဂါ၊ ကူးစက်နိုင်သည့်ရောဂါနှင့် မကူးစက်နိုင်သည့် ရောဂါများအား ကုသပေးခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)