သာပေါင်း စက်တင်ဘာ ၂
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားလာစေပြီးစဉ်ဆက်မပြတ် ငါးပိုမိုတိုးတတ်ထုတ်လုပ်လာနိုင်ရေး၊ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် သားစဉ်မြေးဆက် ငါးစားသုံးမှုမြင့်မားလာရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ် (၂) ရပ်ကွက်၊ ကန္နားလမ်း၊ မြို့တော်ခန်းမရှေ့၊ ဆိပ်ခံတံတားမှ သဘာဝရေပြင် ငဝန်မြစ်ပြင်ကျယ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးအေးနိုင်၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းတို့က ငါးမြစ်ချင်း (၅၀၀၀၀)၊ ထိုင်းငါးခုံးမကြီး (၅၀၀၀၀) ပေါင်း ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀) အား သဘာဝရေပြင် ငဝန်မြစ်ပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)