အိမ်မဲမြို့နယ် ယာယီဆေးရုံတွင် ပထမဆုံး တက်ရောက်ကုသသည့် ကိုဗစ် - ၁၉ Positive လူနာရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

အိမ်မဲ  အောက်တိုဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ယာယီဆေးရုံပြုလုပ်ပြီး မြို့နယ်အတွင်း ကိုဗစ် - ၁၉ Positive လူနာများကို အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက စတင်ထားရှိ၍ ကုသပေးခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ထိ ပိုးတွေလူနာ (၉) ဦးထားရှိကုသပေးကြောင်းနှင့် ပထမဆုံး ဆေးရုံတက်ရောက်ကုသသည့် လူနာသည် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

"အဲဒီပိုးတွေ့လူနာဟာ အိမ်မဲမြို့နယ် ကွန်စခန်းကျေးရွာအုပ်စု ဝဲချောင်းကျေးရွာမှာနေထိုင်တဲ့ အသက် (၃၀) အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူဟာ ရန်ကုန်မြို့ ထန်းတစ်ပင်မြို့နယ်မှာ သြဂုတ်လ ၂၃ ရက်နေ့ကစတင်ပြီး ပန်းရံလုပ်ငန်း လုပ်ကိုင်ခဲ့ကာ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မှ အိမ်မဲသို့ ဆိုင်ကယ်ဖြင့်ပြန်လာရာ အိမ်မဲမြို့ထိပ် စစ်ဆေးရေဂိတ်မှ စစ်ဆေးပြီး အ-ထ-က (၁) အိမ်မဲတွင် အသွားအလာ ကန့်သတ်ထားခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့မှာ ၎င်းလူနာဆီမှ ဓာတ်ခွဲနမူနာရယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ အောက်တိုဘာ ၇ ရက်နေ့တွင် ပိုးတွေ့ရှိကြောင်း သိရတဲ့အတွက် အဲ့ဒီနေ့မှာပဲ အိမ်မဲမြို့ယာယီဆေးရုံမှာ တက်ရောက် ကုသစေခဲ့တာပါ။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ၎င်းလူနာဟာ ရောဂါသက်သာ ပျောက်ကင်း​ပြီး ယာယီဆေးရုံမှ ဆေးရုံဆင်းခွင့်ရရှိခဲ့တာပါ။ သူကိုအိမ်မှာ Home Quarantine (၇) ရက်စောင်ကြည့် သွားမှာပါလို့" အိမ်မဲမြို့နယ် ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ယာယီဆေးရုံတွင် ကုတင် (၃၂) လုံးထားရှိပြီး လူနာများကို စရိတ်ငြိမ်းကုသပေးနေကြောင်းနှင့် ယနေ့အထိ အိမ်မဲမြို့နယ်အတွင်းတွင် အသွားအလာ ကန့်သတ်ထားသူ ၂၉၉ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)