ဘားအံ စက်တင်ဘာ ၂
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကကျသော စိုက်ပျိုးစွမ်းအားဆိုင်ရာ လုပ်ငန်းများကို မြှင့်တင်၍ လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့် က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် အမျိုးသား ရေး ဦးတည်ချက်အနေဖြင့် အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို မြှင့်တင်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေဧရိယာတိုးချဲ့ရန်၊ သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ် မကျန် စိုက်ပျိုး လုပ်ကိုင်နိုင်ရေးနှင့် သီးနှံအမျိုးအစားအလိုက် မျှော်မှန်းထားသည့် ပန်းတိုင် အထွက်နှုန်းရရှိရေး အဓိကကျသည့် လယ်ယာသုံးစက်ကိရိယာ၊ စိုက်နည်းစနစ်၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများအား အကြံပေးကြီးကြပ်ဆောင်ရွက် ပေးကြ စေလိုကြောင်း၊ မိုးစပါးအပြီးတွင် သီးထပ်သီးနှံများကို စွမ်းအားပြည့်တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားစေလိုပြီး ခရိုင်၊ မြို့နယ်အလိုက် ဆောင်ရွက်မည့်အစီအမံများကို တင်ပြဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဆီထွက် သီးနှံတိုးချဲ့ စိုက်ပျိုးမည့်ကိစ္စ၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော မိုးစပါးသီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး ကူညီ ထောက်ပံ့ပေးနေမှု အခြေအနေများကို ဆွေးနွေးတင်ပြပြီး ဌာနဆိုင်ရာအကြီးအကဲများ၏ ရှင်းလင်းတင်ပြချက်များအပေါ် အကြံပြုဖြည့်စွက် ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်နယ်အတွင်း ယခင်နှစ်သီးနှံစိုက် စွမ်းအားအပေါ် တိုးတက်စိုက်ပျိုးမည့် အစီအစဉ်၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးထပ်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာ၊ အဓိကသီးနှံ များ၏ အထွက်နှုန်းနှင့် စိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ သီးနှံအလိုက်မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်များ ဆောင်ရွက်ထား ရှိမှုအခြေအနေ၊ တောင်သူပညာပေး လုပ်ငန်းဆောင်ရွက်နိုင်မှု၊ သီးနှံ စမ်းသပ်ကွက်များ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)