ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပန်းခင်းစီမံချက်(၂) အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်​ပေးခြင်းအား ကြည့်ရှုစစ်ဆေး

မြန်အောင် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ န်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာ ဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်က မြန်အောင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်(၂) ဖြင့်အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်​ပေးနေမှုတို့အား ကြည့်ရှုစစ်ဆေး၍ ကန်ဇွန်းခုံ ကျေးရွာအုပ်စုတွင် မိုးနေကြာမျိုးစေ့ချစိုက်ပျိုးပွဲ တက်ရောက်အားပေး စိုက်ပျိုးပေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက်၌ ပန်းခင်းစီမံချက် (၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်​ပေးနေမှုအား ကြည့်ရှုအား ပေးပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြသည်။

ဆက်လက်၍ မြန်အောင်မြို့နယ် ကန်ဇွန်းခုံကျေးရွာအုပ်စု ကွင်းအမှတ် ၂၃၅ ၊ ဦးပိုင်အမှတ် မ/၂၃၊ တောင်သူ ဦးရန်အေး၏  မိုးနေကြာ ၂ ဧက စိုက်ခင်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာ Super Sun (41) မျိုးစေ့ချ စိုက်ပျိုးပွဲ တက်ရောက်အားပေး၍ မျိုးစေ့ချစိုက်ပျိုး ပေးခဲ့ကြသည်။

ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု၊ ညောင်မြစ်ဆွဲကျေးရွာအုပ်စုနှင့် ကန်ဇွန်းခုံကျေးရွာအုပ်စုတို့မှ နေကြာစိုက် တောင်သူများနှင့် တွေ့ဆုံ၍ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးရန်နှင့်အထွက်နှုန်းကောင်းမွန်သော နေကြာမျိုး များ ပြောင်းလဲစိုက်ပျိုးရန်၊ အထွက်နှုန်းကောင်းမွန်သည့် မိမိတို့ဒေသထွက် နေကြာမျိုးများရရှိအောင် စိုက်ပျိုးရန် ပြောကြားပြီး နေကြာစိုက် တောင်သူများအား Super Sun (41) နေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်အောင်မြို့ ကောင်းသန့်ဆီစက်တွင် မိုးမြေပဲ၊ မိုးနေကြာ ဆီကြိတ်ခွဲ ထုတ်လုပ်နေမှုအား ကြည့်ရှုကြပြီး အရည်အသွေးကောင်းမွန်ပြီး သန့်စင်သော နေကြာဆီ၊ မြေပဲဆီများ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူး ရန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်