ဆိပ်ဖြူမြို့နယ်တွင် အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလီဘောနှင့် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဆိပ်ဖြူ         စက်တင်ဘာ    ၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ကျောင်းပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလီဘောနှင့် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ၊ ဗလ အစရှိသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သတ်မှတ်ထားသည့် အားကစားဆိုင်ရာ မူဝါဒများနှင့်အညီ   မျိုးဆက်သစ်အားကစားလူငယ်လူရွယ်များ ပေါ်ထွန်းလာ စေရန်ရည်ရွယ်၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (T.S.D.P) အစီအစဉ်ဖြင့်ကျင်းပပြုလုပ်သည်။

 အသက်(၂၅)နှစ်အောက် အမျိုးသား ရပ်ကွက် / ကျေးရွာ ကျောင်းပေါင်းစုံပြိုင်ပွဲဝင် အမျိုးသား ဘောလီဘောအသင်း (၆) သင်း၊ အမျိုးသား ပိုက်ကျော်ခြင်း(၇)သင်းတို့ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။  အမျိုးသား ဘောလီဘောဗိုလ်လုပွဲတွင် ဆိပ်ဖြူ(အ.ထ.က) ကျောင်း အသင်းက လည်းကောင်း ၊ အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲတွင် ကိုးတောင့်(အ.ထ.က) ကျောင်း အသင်းတို့က အသီးသီးအနိုင်ရရှိခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့သည့် အသင်းများနှင့် အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ကိုဇွဲ(အညာမြေ)