သာယာဝတီ စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ်(၁၄) စက်မှုလယ်ယာစခန်းက စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)မှ တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံး စက်ကိရိယာများတွင် ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်က သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရ သော အခြေခံလယ်ယာသုံးစက်ကိရိယာ ထိန်းသိမ်း မောင်းနှင်အသုံးပြုနည်းစနစ်များကို အကျိုးရှိရှိ အသုံးချပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားများကိုယ်စား တတိယနှစ် ကျောင်းသား မောင်ပိုင်စိုးဟိန်းသူက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးဝင်းသန့်နှင့် တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ အထိ လယ်ယာသုံးစက်ကိရိယာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်နည်းစနစ်များ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံ စိုက်ပျိုးနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) တတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်