ကသာခရိုင်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေားမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယအကြိမ် ကျင်းပ

ကသာ စက်တင်ဘာ

ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးခရိုင်အဆင့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရာတွင် ဆောင်ရွက်နေသည့် အခြေအနေများ၊  တွေ့ကြုံ ရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်သင့်သည်များကို ညှိနှိုင်းရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် အကောင်းဆုံးနှင့် အဆင့်အတန်းမီမီ ယှဉ်ပြိုင်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအလိုက် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထိုသို့ဆွေးနွေးတင်ပြကြရာတွင် အမှတ်ပေးဒိုင်အဖွဲ့များက အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲဝင်များ၏ ကိုယ်စားတာဝန်ခံ ကျောင်းအုပ်ကြီးများကို လိုအပ်သည်များ မှာကြားရှင်းလင်းပါသည်။ ကျောင်းအုပ်ကြီးများမှလည်း ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကို ကြိုတင်လေ့ကျင့်ပေးနေမှု အခြေအနေများ၊ ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ကုန်ကျသည့် စရိတ်များအတွက် ထောက်ပံ့ပေးနိုင်ရေး၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများကို တင်ပြဆွေးနွေး ကြသည်။ အဆိုပါ တင်ပြချက်များအပေါ်  အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် အမှတ်ပေးဒိုင်အဖြစ် ဆောင်ရွက်ကြမည့် ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)