ကျွန်းလှ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးငယ်များ ရောဂါဘယ ကင်းစင်ပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ဝင်းဇော်ဌေး ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက အသက်နှစ်နှစ်အောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် စနစ်တကျ ထိုးနှံ တိုက်ကျွေးကြသည်။
ထို့အပြင် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ