ကော့ကရိတ်မြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်းများတပ်ဆင်ရေးစစ်ဆေး

ကော့ကရိတ် အောက်တိုဘာ  ၁၆

ကော့ကရိတ်မြို့နယ်အတွင်း နေထိုင်ကြသောပြည်သူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများအား နှာခေါင်းစည်းများ တပ်ဆင်ရေး အတွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကော့ကရိတ်မြို့ မီးပွိုင့်လမ်းဆုံတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရာတွင် နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း မရှိသူများအား တစ်ဦးလျှင် နှာခေါင်းစည်းတစ်ခုအတွက် ၅၀ ကျပ်၊ ဒဏ်ငွေအဖြစ် ၁၅၀ ကျပ်၊ စုစုပေါင်း ၂၀၀ ကျပ်ကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာသူတိုင်း နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရန် သတိပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/ မရှိ စစ်ဆေးရာတွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်ဆေးကြပ်မတ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးလွင်