ကော့သောင်း၊ အောက်တိုဘာ ၁၆
ကော့သောင်းမြို့တွင် Quarantine ပြည့် သင်္ဘောသားများအား ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးသည့် မော်တော်ယာဉ်တစ်စီး၏ယာဉ်နောက်လိုက်တစ်ဦးထံတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရကြောင်း ယမန်နေ့က ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် သိရသည်။
ကော့သောင်းရေပိုင်နက်မှတစ်ဆင့် ပြည်တွင်းသို့ပြန်လည်ဝင်ရောက်လျှက်ရှိသည့် နေရပ်ပြန် မြန်မာသင်္ဘောသားများအား ကော့သောင်းမြို့၏ ဟိုတယ်များတွင် Quarantine ထားရှိ၍ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးကာ ပိုးကင်းစင်သူများအား သက်ဆိုင်ရာနေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးနေရာမှ ယမန်နေ့က သင်္ဘောသားများတင်ဆောင်ကာ ကော့သောင်းမြို့မှထွက်ခွာခဲ့သည့် မော်တော်ယာဉ်လိုင်းတစ်ခုမှ ယာဉ်တစ်စီးပေါ်ပါလူအားလုံးကို ထားဝယ်စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်တစ်ဦးတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ရောဂါပိုးတွေ့ ယာဉ်နောက်လိုက်နှင့်ဆက်စပ်သည့် ကော့သောင်းမြို့ရှိမော်တော်ယာဉ်လိုင်းဝန်ထမ်းများအပါအဝင် အဆိုပါမော်တော်ယာဉ်လိုင်းနှင့် ရုံးခန်းခြင်း ထိစပ်လျှက်ရှိသည့် အခြားမော်တော်ယာဉ်လိုင်းမှ ဆက်စပ်ဝန်ထမ်းစုစုပေါင်း (၃၀) ဦးအား ကော့သောင်းမြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများတွင် စောလျှင်စွာထိန်းချုပ်အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိပြီး ၎င်းတို့၏ နှာခေါင်းအာခေါင်တို့ဖတ်နမှုနာများအား ကျန်းမာရေးဌာနမှ ဆက်လက်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)