စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကြို့ပင်ကောက် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး သယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ယနေ့ မွန်းလွဲပိုင်းက အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူ ကလေးငယ်များအား အစားအသောက်များဝယ်ယူစားသုံးရာတွင် သိရှိထားရမည့်အချက်များ စားသောက်ကုန်များတွင် အဓိကပါရှိသင့်သော ထုတ်လုပ်မှုရက်စွဲ၊ ကုန်ဆုံးရက်၊ ထုတ်လုပ်သည့်လိပ်စာ၊ စသည်တို့ကို မြန်မာစာဖြင့် ဖော်ပြခြင်းရှိမရှိစစ်ဆေးရန်၊ စားသောက်ကုန်များကြောင့် နစ်နာဆုံးရှုံးမှုများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့ အသိပေးတိုင်ကြားနိုင်ကြောင်းနှင့် စားသုံးရန်မသင့်သောမုန့်များကို သရုပ်ပြအသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာဆရာမများနှင့်အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များအား စစ်ဆေးအကြံပြုခဲ့ကြောင်း သိရသည်။

မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစည်ပင်သာယာဈေးတွင် စားသောက်ကုန်များအား စစ်ဆေးခြင်း ဈေးနှုန်းအချက်အလက်များ ကောက်ယူခြင်း အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောခြင်း ကျောင်းမုန့်ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)