စစ်ကိုင်းမြို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

စစ်ကိုင်း  စက်တင်ဘာ   ၁

စစ်ကိုင်းမြို့တွင် ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကိုယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ဒေသတွင်းအကျိုးပြု လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြည်သူများအနေဖြင့်လည်း မိမိတို့ ဒေသအတွင်းလိုအပ်သည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းပြော ကြားကာ လိုက်ပါလာကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများရဲ့ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ပြည်သူများက လုပ်ငန်းလို အပ်ချက်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်