ပြည်နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့် မော်တော်ယာဉ်ဥပဒေအကြောင်း အသိပညာပေးဟောပြော

ပြည် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်နည်းပညာတက္ကသိုလ်နှင့် ပြည်ခရိုင်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ"အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ်ခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲကို  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဟောပြောပွဲတွင် ပြည်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂) ဦးဇော်စိုးမင်းထွန်းက မော်တော်ဆိုင်ကယ်နှင့်မော်တော်ယာဉ်များမောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ယာဉ်မမောင်းမီ ကြိုတင်စစ်ဆေးဆောင်ရွက်ရမည့်အချက်များအကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ရပ်များအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတိပေးလမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအကြောင်း၊ ယာဉ်တိုက်မှုနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ မော်တော်ယာဉ်ဥပဒေများအကြောင်းတို့ကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့်အသိပညာပေးဆွေးနွေး ဟောပြောသည်။

ယင်းအသိပညာပေးဟောပြောပွဲသို့ ပြည်နည်းတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာမြနန္ဒာလွင်နှင့် (သင်ကြား/စီမံ)ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ပြီး ခရိုင်(ကညန)ဝန်ထမ်းများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)