မြောင်းမြ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် မြောင်းမြခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များက အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် နိုင်ငံတော် တစ်နံတစ်လျား၌ အတူတကွနေထိုင်ကြသည့် သွေးချင်းညီအကို မောင်နှမများ၏ ရိုးရာအနုသုခုမများ ပိုမိုလေးနက်စွာ ပေါင်းစပ်ပါဝင်သည့်အတွက် တိုင်းရင်းသားများ၏ သွေးစည်းညီညွှတ်မှု အနှစ်သာရကို ပိုမိုပီပြင်အောင် တိုးတက်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အနုသုခုမအကများကို ရေမြေဒေသမခွဲဘဲ ခြုံငုံသုံးသပ်ကြည့်လျှင် ခေါင်း၊ ခါး၊ ခြေ၊ လက်မှစသည့် မြန်မာတိုင်းရင်းသားများပိုင်ဆိုင်သည့် ရိုးရာအကတို့သည် အခြေခံစနစ်တစ်ခုအောက်မှာ မကွဲမပြား တည်ရှိနေကြသည်ကို တွေ့မြင်မည်ဖြစ်ကြောင်း၊ တီးခတ်သည့် တူရိယာများကလည်း အရွယ်အစား၊ အရေအတွက်နှင့် သံစဉ်၊ နရီများ ကွဲပြားသော်လည်း ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဟူသည့် မြန်မာ့တိုင်းရင်းသားတို့၏ တူရိယာငါးပါးထဲမှ ခွဲထွက်သွားခြင်းမရှိသည်ကို တွေ့မြင်ရမည်ဖြစ် ကြောင်း၊ မြောင်းမြခရိုင်သည် အောင်မြင်ကျော်ကြားသည့် အနုပညာရှင်၊ စာပေပညာရှင်များ ပေါ်ထွန်းရာဒေသဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက်နှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက် သွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုပါကြောင်း၊ မြောင်းမြခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်ရေးအတွက် ပြိုင်ပွဲဝင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်/ မြို့နယ် တာဝန်ရှိသူများ၊ ပံ့ပိုးကူညီပေးကြသူများ၊ စိတ်ပါဝင်စားစွာဖြင့် ကူညီဆောင်ရွက်ပေးကြ သူများအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မြောင်းမြခရိုင်အဆင့် (မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ) မြို့နယ်များမှ ပြိုင်ပွဲဝင်များက ဝါသနာရှင်အဆင့် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် စသည်ဖြင့် သတ်မှတ်ထားသည့် အဆင့်အလိုက် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ဆုရရှိသူများကို ဆုများဆက်လက်ချီးမြှင့်ပေးပြီး ဆုရရှိသူများသည် တိုင်းဒေသကြီးအဆင့်ယှဥ်ပြိုင်နိုင်ရေးအတွက် ပုသိမ်မြို့သို့ သွားရောက်ယှဥ်ပြိုင်ရ မည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)