ဖြူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျေးရွာ(၉)ရွာအား တစ်ရွာလျှင် သိန်း(၁၅၀)စီ လွှဲပြောင်းပေးအပ်

ဖြူး စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ(၉)ရွာအားတစ်ရွာလျှင် ရန်ပုံငွေသိန်း(၁၅၀) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးစောမင်းသူက ကျေးရွာ(VDP)စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းများကို ကြိုတင်ဖွဲ့စည်းထားပြီဖြစ်သောကြောင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သောက်သုံးရေရရှိရေး၊ ကျေးရွာလမ်းများနှင့်အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာကော်မတီဝင်များက ဦးဆောင်ကာဆောင်ရွက်သွားကြစေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်မှ     ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍   ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ပေးသွားမည့် ကြူအင်းကျေးရွာအုပ်စု၊ ကြူအင်းဆားဂွန်းကျေးရွာ၊ သာဓုကန်ကျေးရွာအုပ်စု၊ ကီလား(အနောက်)ကျေးရွာ၊ မင်းလမ်းကူးကျေးရွာ အုပ်စု၊ မင်းလမ်းကူး(ရှမ်း)ကျေးရွာ၊  အမဲခေါင်ကျေးရွာအုပ်စု၊ စွန်သိုက်ကျေးရွာ၊  အမဲခေါင်ကျေးရွာအုပ်စု၊ လာလ်ဂန်ကျေးရွာ၊သမင်ကွင်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာ၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်းကုလားကျေးရွာ၊ ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရမ်ပူကျေးရွာနှင့် ဇီးခုံကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာတို့အား တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေသိန်း(၁၅၀)စီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ  လွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာကော်မတီဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ (VDP)စီမံကိန်းမှာရန်ပုံငွေရရှိသည့် ကျေးရွာများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ရေသန့်စနစ်ဖြင့် သောက်သုံးရေရရှိရေးနှင့် ကျေးရွာတွင်းလမ်းများအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်ထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)