ကေ့ာကရိတ်မြို့တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးအခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း(မွမ်းမံ) သင်တန်း ဖွင့်ပွဲကျင်းပ

ကော့ကရိတ်  စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး လူငယ်များအလုပ် အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးရေး ရည်ရွယ်၍ကော့ကရိတ်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် ယနေ့နံနက်(၉) နာရီအချိန်က အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်နည်း(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီမှူး ဦးခွန်ထွန်းထွန်းလှကစီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ကာ သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အခြေခံအိမ်သုံး လျှပ်စစ်ပစ္စည်းများပြုပြင်နည်း(မွမ်းမံ)သင်တန်းအား (၁.၉.၂၀၂၃) ရက်နေ့မှ (၁၀.၉.၂၀၂၃)ရက်နေ့အထိ သင်တန်းသား (၁၀)ဦးဖြင့် (၁၀)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ရာ လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည် ဖြစ်ပြီး အမှန် တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကော့ကရိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသား  စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)