အထက်မင်းလှ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် စိုက်ဧကအမှန်စာရင်းများ စနစ်တကျကောက်ယူရန်၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများမှပူးပေါင်း၍ အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်းတွင်တိုက်နယ်(၆)ခု၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ အဖွဲ့များအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသူများမှ ပြန်လည်ပေးဆပ်နိုင်ရေးရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ရန်၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှုလျာထားချက် ပြည့်မီရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီး ရေးနှင့်ထူးခြားဖြစ်စဉ် သတင်းများရှိပါက အချိန်နှင့်တစ်ပြေးညီပေးပို့ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက Biometric စာရင်းကောက်ယူနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သီးနှံစိုက်ပျိုးရာတွင် စိုက်ဧကအမှန်စာရင်းကောက်ယူရေး၊ သီးထပ်စွမ်းအားမြှင့်တင်ဆောင်ရွက်နေမှုများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပါသည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)