အထက်မင်းလှ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များနှင့် ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား ရွှေတောင်(၈)ဝါမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ဆီထွက်သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များနှင့် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များနှင့် ဝါစိုက်ဧရိယာတိုးချဲ့စိုက်ပျိုးမည့် တောင်သူများအားရွှေတောင် (၈)ဝါမျိုးစေ့များ အခမဲ့ဖြန့်ဖြူးပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နေကြာမျိုးစေ့နှင့် ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆၅)အုပ်စုမှ တောင်သူ(၁၈၉)ဦးအား ဆောင်းနေကြာစိုက်ပျိုးမည့် (၂၀၀)ဧကအတွက် နေကြာမျိုးစေ့များနှင့် ဝါစိုက်ဧရိယာ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား ရွှေတောင်(၈)ဝါမျိုးစေ့များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများ ကိုယ်တိုင်ဖျော်စပ်သုံးစွဲလို့ရနိုင်သည့် "ငါးအမိုင်နိုအား ဆေးရည်နှင့်သဘာဝပိုးပြေးဆေးပြုလုပ်သုံးစွဲနည်း”အား လက်တွေ့သရုပ်ပြသခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့်သူများအား" ငါးအမိုင်နိုအားဆေးရည်နှင့် သဘာဝပိုးပြေးဆေးပြုလုပ်သုံးစွဲနည်း" ပဲမျိုးစုံအထွက်တိုးအောင် ပြုလုပ်ပက်ဖျန်းနည်း" အသိပညာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)