ငဖဲ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျောင်းဆောင်သစ်အဆောက်အဦဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ လုပ်ငန်းပြီးစီးမှုဆိုင်ရာအထောက်အထားများကို မြို့နယ်ပညာရေးဌာနသို့ ယမန်နေ့နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်အဆောက်အဦသည် အလျားပေ(၆၀×၃၀) ရှိ RC တစ်ထပ်အမျိုးအစားဖြစ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ်သန်း (၆၉.၅၀)ဖြင့် စေတုတ္တရာချင်းတိုင်းရင်းသားများ ကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ မေလမှ စတင် ဆောက်လုပ်ခဲ့ရာ ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင်လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးခဲ့ပြီး ကျန်ရှိသည့် လုပ်ငန်း ၂၅ ရာခိုင်နှုန်းကို ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ် အဆောက်အဦများကို ဆောက်လုပ်ပေး လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စာသင်ကျောင်း(၇)ကျောင်းတွင် ပေ(၆၀×၃၀) အကျယ်အဝန်းရှိ အဆောက်အဦ (၅)ခုနှင့် ပေ(၉၀×၃၀)အကျယ်အဝန်းရှိ အဆောက်အဦ(၂)ခု စုစုပေါင်း(၇)ခုကိုလုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းတည်ဆောက်ခွင့် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)