မြဝတီမြို့ အမှတ်(၃)ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအတွက် ထောက်ပံ့ကြေးပေးအပ်

မြဝတီ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ  ကိုယ်ဝန်ဆောင်မိခင်နှင့်  ၎င်းတို့မှမွေးဖွားသော  အသက်(၂)နှစ်အောက်ကလေးများအား  ၂၀၂၃-၂၀၂၄  ဘဏ္ဍာရေးနှစ်  ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လ များအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ပေးအပ်ပွဲတွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်က ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍   ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးများအား  အာဟာရပြည့်ဝပြီး  ဉာဏ်ရည်ဖွံ့ဖြိုးစေရန် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့်  ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်  အဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်းသည့်  ရင်သွေးငယ်များ  မွေးဖွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးသည်။

အဆိုပါထောက်ပံ့ကြေးပေးအပ်ခြင်းကို   အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး   ဦးရွှေတင်နှင့်   ရပ်ကွက်တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင် ၅၂ ဦးအတွက် ငွေကျပ်နှစ်ဆယ်သုံးသိန်းလေးသောင်းနှင့် အသက် ၂ နှစ်အောက်ကလေး ၁၉၀ ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။  အလားတူ  မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများတွင်လည်း  ထောက်ပံ့ကြေးများ   ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)