ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များကို ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း  အောက်တိုဘာ  ၁၆

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ (အ-ထ-က-၁) အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်က မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ရခြင်းအားလည်းကောင်း၊ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်များအား လည်းကောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ မဲရုံးအဖွဲ့များမှ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရန်၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ မဲပေးရာတွင် အဆင့်ဆင့် စနစ်တကျ ဟန်ချက်ညီညီ ဆောင်ရွက်ကြရန် မဲဆန္ဒရှင်များအား မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန် စတဲ့အချက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်က မဲရုံးမှူး မဲရုံအဖွဲ့ဝင် ဆရာ ဆရာမများအနေဖြင့် နိုင်ငံတော်မှပေးအပ်သော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် သေချာလေ့လာ စနစ်တကျဖြင့် အမှာအယွင်း မရှိအောင် ဆောင်ရွက်ကြဖို့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် မဲရုံမှူး မဲရုံအဖွဲ့ဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်မှ နိဂုံးချုပ် စကားပြောကြားပြီး အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

ကြံခင်းမြို့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ တာဝန်ပေးထာသော ဆရာ ဆရာမများကို အောက်တိုဘာ (၁၉) ရက်မှ (၂၃) ရက်နေ့ထိ လုပ်ငန်းလမ်းညွှန်သင်တန်းအား အုပ်စုအလိုက် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကြံခင်းမြို့တွင် မဲရုံ (၉၄) ရုံရှိကြောင်း မဲရုံမှူး၊ မဲရုံအဖွဲ့ဝင် (၁၁၇၈) ဦးအား ခန့်အပ်တာဝန်ပေး ထား ကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)