ပြည် စက်တင်ဘာ ၁
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်တွင် ဝါခေါင်လပြည့် ယမန်နေ့ ညနေ ၅ နာရီက (၁၇) ကြိမ်မြောက် မေတ္တာအခါတော်နေ့အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ရှေးဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးကိုးပါးအမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဂါထာတော်သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တကုမာရ ဆရာတော်ဘုရားကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြပြီး အလှည့်ကျ ဂေါပကအဖွဲ့ဝင် ဦးကြင်စိန်က မေတ္တာအခါတော်နေ့အခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်၍ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးကျော်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းလှူဒါန်းမှုနှင့် ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရွာဘဲတောင်ပေါ် ကျောင်းတိုင်းဆရာတော်ဘုရားကြီးက ရေစက်ချအနုမောဒနာ တရားချီးမြှင့်တော်မူပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က ဝေနေယျသတ္တဝါများအား ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကျင်းပရာ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာဝတ်သင်းအဖွဲ့များက ဘုရားပင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားရှင်အား ပင့်လျှောက်ခြင်း၊ နတ်ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ မေတ္တာသုတ်အမွှန်းတော်နှင့် ပါဠိတော်ကိုရွတ်ဆိုပူဇော်ခြင်း၊ မေတ္တာသုတ်လာမေတ္တာ (၁၁) နည်းပွားများခြင်း၊ အမျှဝေဆုတောင်းခြင်းနှင့် နတ်ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်ခြင်းတို့ကို စုပေါင်းရွတ်ဆိုပူဇော်ဆောင်ရွက်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)