ဘုရားသုံးဆူမြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ

ဘုရားသုံးဆူ  စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ဘုရားသုံးဆူမြို့တွင်  ဝါခေါင်လတိုင်း  နှစ်စဉ်ကျင်းပသော ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာကို  ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ထောမဲ့ပါကွက်သစ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်အမျိုးသားအလံတော်အား ကရင်အမျိုးသားသီချင်းသီဆို၍  အလေးပြုခဲ့ပြီး သဘာပတိအဖြစ် ဦးစောသိန်းမြိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဧည့်သည်တော် ပဒိုစောမောင်ရွှေမှ  ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုူဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲကို  ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း၊ ဝါခေါင်လရောက်တိုင်း ချည်ဖြူဖွဲ့ပေးခြင်းအားဖြင့် အဖျားအနာများပျောက်ကင်းခြင်း၊ လွင့်ပါးနေသော စိတ်ဝိညာဉ်များ ပြန်လည်စုစည်း၍ စိတ်တည်ငြိမ်လာခြင်း၊ သူတစ်ပါးလိမ်လည်လှည့်ဖျားခြင်းမှကင်းဝေခြင်း စသည့် အကျိုးကျေးဇူးများနှင့်ပြည့်စုံသည်ဟု ချီးမြှင့်စကားပြောကြားခဲ့သည်။

ထို့နောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာသည့် သမိုင်းအကြောင်းအရာများကို  ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖတ်ကြားခဲ့ပြီး ဝိညာဉ်ခုနှစ်ဖော်ကို ပင့်ဆောင်ကာ ချည်ဖြူဖွဲ့၍  ယခုနှစ်တွင် ချည်ဖြူဖွဲ့မင်္ဂလာကို အကျဉ်းချုပ်သာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)