နတ်မောက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
“ကျွန်မတို့ရဲ့စိုက်ခင်းထဲမှာ စိုက်ပျိုးထားတာကတော့ ခဝဲ၊ ဗူး၊ ခရမ်းသီး၊ ဆူးပုတ်ကြီး၊ လက်ချားချဉ်ပေါင်၊ ရုံပနီ၊ ဆလတ်ရွက်၊ ကျောက်ဖရုံစတဲ့ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးထားတာပါ၊ ခုဆိုရင်စိုက်ခင်းလေးထဲက ဟင်းသီးဟင်းရွက်များ ခူးဆွတ်ရောင်းချလို့ရပါပြီ၊ စိုက်ပျိုးတဲ့အခါမှာလည်း သဘာ၀မြေဩဇာများဖြစ်တဲ့ နွားချေး၊ ဆိတ်ချေးများ စိုက်ပျိုးထားတဲ့အတွက် သဘာ၀အော်ဂင်းနစ်စစ်စစ်ဖြစ်တယ်လို့လည်း ပြောရင်ရပါတယ်၊ စိုက်ခင်းများထဲက ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်များကို ယာထဲကို လာဝယ်ယူသူများရှိသလို နတ်မာက်မြို့နယ် မြို့မစည်ပင်သာယာရေးစျေးသို့လည်း သွားရောက်ရောင်းချပါတယ်၊ ခူးဆွတ်ရောင်းရငွေကတော့ (၂)ရက်တစ်ကြိမ် (၁၂၀၀၀)လောက်ရရှိတဲ့အတွက် အပိုဝင်ငွေရတာပေါ့ဟု” အင်းကုန်းကျေးရွာမှ ဒေါ်ဗျောင်းကပြောသည်။
လှဝင်း