ပဲခူး စက်တင်ဘာ ၁
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ခွဲသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့မှုများကို(၁၀)ရက်အတွင်း ဖယ်ရှားရှင်းလင်းနိုင်ခဲ့သဖြင့် နိုင်ငံ့အကြီးအကဲများ၏ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပရဟိတစိတ်အခြေခံပြီး တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ လေ့ကျင့်သားပြည့်ဝမှုတို့ဖြင့် ပေါင်းစပ်ပြီး လေဘေးသင့်ပြည်သူများအတွက် နေပူမရှောင်၊ မိုးရွာမရှောင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်သည် အချိန်တိုအတွင်း မူလအတိုင်း ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင်ရေး ဆောင်ရွက်ရတာဖြစ်၍ အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူနိုင်ကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဂုဏ်ပြုခံမီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးနှင့် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် ရခိုင်ပြည်နယ်ရှိ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကူညီရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)