ပွင့်ဖြူမြို့၌ ရေစီးရေလာကောင်းမွန်စေရန်အတွက် မြေသားရေဆိုးထုတ်မြောင်းအား အုတ်ရေဆိုးထုတ်မြောင်းအဖြစ် အဆင့်မြှင့်တင်ထိန်းသိမ်းဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့်မြို့နှင့် နီးစပ်လျက်ရှိသော ကျေးရွာများမှ ဒေသခံပြည်သူများ၏ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများပျက်စီးမှု အန္တရာယ်ကင်းဝေးစေရန်နှင့် မြို့တွင်း ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်၍ ပွင့်ဖြူမြို့၏ အဓိကရေဆိုးထုတ်မြောင်းမှ ထွက်ရှိသော ရေများကို မုန်းချောင်းအတွင်းသို့ စနစ်တကျစီးဆင်းနိုင်ရေးအတွက် ယခင်မြေသားရေဆိုးထုတ်မြောင်းအား အုတ်ရေဆိုးထုတ်မြောင်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေသားရေဆိုးထုတ်မြောင်းအား ရေစီးရေလောကောင်းမွန်စေရန်အတွက် အရှည်ပေ ၈၀၀ အုတ်ရေဆိုးထုတ်မြောင်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၅၀ ဖြင့် ဩဂုတ် ၁၅ ရက်နေ့က စတင်ပြီး ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကာ လက်ရှိတွင် အုတ်ရေဆိုးထုတ်မြောင်း တည်ဆောက် နေမှုလုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။  ယင်း ရေဆိုးထုတ်မြောင်းသည် မြို့တွင်းရှိ ရေများအားလုံးစီးဆင်းသည့် အဓိကမြောင်းတစ်ခုဖြစ်ကာ မုန်းချောင်းအတွင်းသို့ စနစ်တကျစီးဝင်နိုင်ရေးအတွက် အုတ်ရေဆိုးထုတ်မြောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး ယမန်နေ့က  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက အုတ်ရေဆိုးထုတ်မြောင်း ဆောင်ရွက်နေမှုလုပ်ငန်းခွင်အား ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

“ယခု အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရေဆိုးထုတ်မြောင်းက တစ်မြို့လုံးက စီးဝင်တဲ့ရေတွေကို မုန်းချောင်းအတွင်း စနစ်တကျစီးဝင်နိုင်ရေးအတွက် အရှည်ပေ ၈၀၀ ၊ အကျယ် ၃ ပေ ၊ အနက် ၃ ပေ ရှိ အုတ်ရေဆိုးထုတ် မြောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ခွင့်ပြုရန်ပုံငွေကတော့ ဌာနရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် သိန်း ၂၅၀ နဲ့ လုပ်ငန်းဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိမှာ အုတ်ရေဆိုးထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းက ၅၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာလကုန်လောက်မှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကလဲ ရေဆိုးထုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေစီးဆင်းမှုအားနည်းတဲ့နေရာကို ရေစီးဆင်းမှု ကောင်းမွန်အောင် (3'×6'×13'.5") အရွယ်အစား Box Culvert (၁)စင်းကိုလဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။  ယခုလို ရေစီး ရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီကာလတွေမှာ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များနဲ့ မြို့နဲ့နီးစပ်တဲ့ မင်းတဲကုန်းကျေးရွာ၊ လက်ခုပ်ကျေးရွာမှာရှိတဲ့ ဒေသခံတောင်သူများရဲ့ လယ်ယာမြေသီးနှံစိုက်ခင်းတွေကို ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် က ပြောသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)