ပိုင်ကျုံ စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ မပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာကို သိရှိစေရန်၊ ကရင့်ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်နှင့် ပွဲတော်တွင် ပူးပေါင်းပါဝင်ဆင်နွှဲလာစေရန်ရည်ရွယ်၍ ကရင် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲကို သြဂုတ်လ ၃၁ ရက် ထန်းတပင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ရှေးဘိုးဘွားဘီဘင်ကရင်လူမျိုးများ၏ အယူအဆအရ ဝါခေါင်လတွင် ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများတဖြည်းဖြည်း လျော့နည်းလာကာ စားသောက်ရာတွင် လည်း ပုံမှန်ထက်ပိုမို၍ ကုန်ကျသည်ဟု ထင်မြင်ကြပြီး မကောင်းဆိုးဝါးများ လူတွင်ပူးကပ်သည် ဟုယူဆသည့်အတွက် ကိုယ့်လိပ်ပြာ လွင့်မသွားစေရန် ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ထားပြီး ဆံဖြူခါး ကုန်းသည်အထိ ကိုယ်နှင့်မကွာနေထိုင်စေရန် ဆုတောင်းမေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ၏ အနှစ်သာရဖြစ်ကြောင်း ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။
အဆိုပါကရင်ရိုးရာချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်း၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်းတို့ဖြင့် ပါဝင်ပစ္စည်းများထည့်ထားသော လင်ဗန်းနှင့်အတူ အသက်အရွယ် ကြီးရင့်သော ပွဲတော်အကြီးအမှူးများနှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုး၊ အဘွားများ၊ မြေးငယ်များခြံရံလျက် သတ်မှတ်နေရာများတွင်စုပေါင်းနေရာယူကြပြီး လူတိုင်း၏ခန္ဓာကိုယ် အားစောင့်ရှောက်ပေးသော လိပ်ပြာကောင်းများ ပြန်လည်ဝင်ရောက်လာစေရန် စကောကရင်ဘာသာဖြင့် ပွဲတော်သို့ရောက်ရှိလာသော (၇)ရက်သား သမီးများ၏ ဝိဉာဉ်ကောင်းများ ရွှင်လန်း ဝမ်းမြောက်စေရန် ရိုးရာဓလေ့သီချင်းများဖြင့် သီဆိုကြိုဆို၍ ချည်ဖြူဖွဲ့ မင်္ဂလာကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)