ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အထူးရဲမိသားစုဝင်တစ်ဦးထံမှ ထပ်မံပိုးတွေ့

ကျွန်းစု အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အ.ထ.ကကျောင်းရှိ Community Based Facility Quarantine ၌ ထားရှိထားသော ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ အထူးရဲမိသားစုဝင်များအား မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က ယမန်နေ့ နံနက်(၁၀)နာရီက Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ၌ မိသားစုဝင်တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး (Positive) ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ အထူးရဲနှင့် အနီးကပ်ထိတွေ့ခဲ့သူ အထူးရဲသင်တန်းသား (၁၀) ဦး အား Test Kit ဖြင့် ထပ်မံကျန်းမာရေးစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ (Negative) တွေ့ရှိရကြောင်း၊ Community Based Facility Quarantine ၌ ထားရှိထားသော ၎င်း၏မိသားစုဝင်များအား Test Kit ဖြင့် ထပ်မံကျန်းမာရေး စစ်ဆေးခဲ့ရာ၌ မိသားစုဝင် တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ (Positive) တွေ့ရှိရကြောင်း၊ (Positive) တွေ့ရှိသူ မိသားစုဝင်တစ်ဦးအား ဂရုဏာနာရေးကူညီမှုအသင်းမှ မော်တော်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ သီးသန့်အဆောင်တွင် ကျန်းမာရေး စောင့်ကြည့်ထားကြောင်း၊ (Positive) ထပ်မံတွေ့ရှိသူနှင့် အနီးကပ်ထိတွေ့ခဲ့သူ (၈)ဦးအား ကျွန်းစုမြို့၊ အမှတ်(၄)ရပ်ကွက်၊ အ.ထ.ကကျောင်းရှိ  Community Based Facility Quarantine သို့ပို့ဆောင်ပြီး အသွားအလာ ကန့်သတ်ကာ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ (Positive) ထပ်မံတွေ့ရှိသူ၊ အထူးရဲမိသားစုဝင်တစ်ဦးမှာ ခရီးသွားရာဇဝင်မရှိဘဲ မိသားစုနှင့်အတူ နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)