ပွင့်ဖြူ စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ကျင်းပပြုလုပ်သည့် (၆၂)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဦးစွာကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များက (၆၂)နှစ်ပြည့် နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ် သာသနာ့အလံအား လွှင့်တင်ကာ ကျေးရွာတွင်း လှည့်လည်၍ မေတ္တာသုတ် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ မင်းဘူးမြို့မှ ဆရာတော်ဦးဥတ္တမ ဦးဆောင်သော သံဃာတော်အရှင်သူမြတ်များက နိုင်ငံတော်ဘာသာနေ့အထိမ်းအမှတ်နှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဟောကြားချီးမြှင့်တော်မူခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး သယ်ပိုးထမ်းရွက်နိုင်စေရန်အလို့ငှာ ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် သာသနာရေးဆိုင်ရာများနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာအမျိုးသမီးခေါင်းဆောင် ဒေါ်ပြုံးပြုံးရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက အခမ်းအနားကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များအား နဝကမ္မအလှူငွေ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)