ညောင်လေးပင်မြို့နယ်တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပြုလုပ်

ညောင်လေးပင် စက်တင်ဘာ ၁

(၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဩဂုတ်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “အောင်စေပိုင်စေ” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု အရှည်တည်တံ့ရေး၊ အစဉ်မြတ်နိုးထိန်းသိမ်းရေးအတွက် အဓိကကျသော အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများ ပြန်လည်ထွန်းကားလာရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ပြန်လည်ဖော်ထုတ်နိုင်ရေး၊ လူငယ်ထု၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်းရေး၊ လူငယ်လူရွယ်များအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး မျိုးချစ်စိတ်၊ ဇာတိမာန် ပြန်လည်ထွန်းကားရေးနှင့် တိုင်းတပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေးအတွက် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်းတို့ကိုပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ မိတ်ဆက်ကာ ပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခြေခံပညာ(၁၀-၁၅)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အဆင့်၊ အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ အတီးပြိုင်ပွဲနှင့် ဝါသနာရှင် (ဒုတိယတန်း)အဆင့် အဆိုပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်ကျင်းပခဲ့ကြသည်။

အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်)တွင် ညောင်လေးပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး​ ညောင်လေးပင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊/ကျောင်းသူများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့်ဝါသနာရှင် ပြည်သူများတက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်