ကန့်ဘလူ စက်တင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဩဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာ Book Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ကျောင်းသူများက “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်မှ “အသေးအဖွဲလေးနဲ့ မပေါက်ကွဲပါစေနဲ့” ဆောင်းပါးအား ဒေါ်နန်းမြင့်ကလည်းကောင်း ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်ဆောင်းပါးအား မမြတ်ကေခိုင်နှင့် မောင်ကျော်မျိုးဇော်တို့ ကလည်းကောင်း၊ "ရိုးသားဖြောင့်မတ်သော" ဆောင်းပါးအား မစုပုံချစ်နှင့်မစန်းဝါယုတို့က လည်းကောင်း၊ "ဘ၀ထဲကအပြုသဘောမဆောင်တာတွေကို ဖယ်ရှားပါ" ဆောင်းပါးအား မောင်ပိုင်ဖြိုးသစ်နှင့်မသန့်စင်သူထွန်းတို့ကလည်းကောင်း၊ အသီးသီး ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများကဘယ်အလုပ်ကိုမဆို ဆုံးဖြတ်ဖို့ ခက်ခဲပြီး မပြတ်မသား ဖြစ်နေရတဲ့ အခြေအနေများကြုံတတ်ကြကြောင်း အဲ့လိုကြုံတွေ့ပါက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချသင့်ကြောင်း၊ လူတွေရဲ့အဆင့်အတန်းဟာ ရိုးသားဖြောင့်မတ်ခြင်းဟာ အရေးပါကြောင်း ၊ရိုးသားဖြောင့်မတ်ခြင်းဆိုတာ အရည်အချင်းရှိတဲ့သူ အဖြစ်ပြသခြင်းဖြစ်ကြောင်း၊ မိမိတို့မှာရိုးသားဖြောင့်မတ်စွာ အမှန်ကို ပြောဆိုခြင်းဟာ လူတယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကိုပေါ်လွင်ပြီး ကောင်းမွန်တဲ့ အရည်အသွေးဖြစ်ကြောင်းတို့ကို အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်၀င်းငြိမ်း(ကန့်ဘလူ)