ဒေးဒရဲ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုဦးက မြို့ပေါ်နှင့်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားကျောင်းကန်၊ စေတီများအားအပတ်စဥ် စုပေါင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဥ်ဆောင်ရွက်သွားရန်၊ မိုးစပါးစိုက်ပျိုးသည့်ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည့်။ ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ မိုးစပါးစိုက်ပျိုးသည့် ဧကများ တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း