တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်ရှိ စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်း(သမုတ်) ဆရာ/မများနှင့် ကျောင်းသား/သူများတွေ့ဆုံ၍ ပညာသင် ထောက်ပံ့ကြေး ပေးအပ်

မြိတ်   စက်တင်ဘာ  ၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊   တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဩဂုတ်(၃၁)ရက်က မြိတ်မြို့နယ် သမုတ်ကျေးရွာရှိ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာသင်ကြားသင်ယူမှု အခက်အခဲများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်မသင်ကြားနိုင်သော ကျောင်းသား/သူများအတွက် အသက်မွေး ဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့်ပုဂ္ဂလိကစိုက်ပျိုး/ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင်လိုအပ်လျက်ရှိသော စိုက်ပျိုး/မွေးမြူရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မြိတ်ဒေသသည် စိုက်ပျိုး/မွေးမြူရေး အခြေခံကောင်းများရှိနေသည့်အတွက် ကျောင်းသား/သူများ အား စနစ်တကျ သင်ကြားပြုစုပျိုးထောင်ပေးကြရန်၊ ပညာသင်ယူနေစဉ်ကာလ၌ စက်မှုနည်း ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသား/သူများနေထိုင်စားသောက်ရေးများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ရှင်ယူက စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်း၏ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့် ကျောင်း၏လိုအပ်ချက်များ၊ ကျောင်းသား/သူများအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျောင်း၏လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများ၏ နေထိုင်စားသောက်ရေး များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးဖြင့် ပညာကိုကြိုးစားသင်ယူကြရန် ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က ဗလာစာအုပ်များနှင့် ပညာသင်ထောက်ပံ့ငွေများကို ကျောင်းသား/သူများအား ပေးအပ်ခဲ့ကြပြီး စာသင်ခန်းများ၊ ကျောင်းစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်း(သမုတ်)တွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား/သူများ လာရောက်ပညာသင်ကြားလျက်ရှိပြီး ဆရာ/မ(၁၃)ဦးဖြင့် ပညာသင်ကြား ပေးလျက်ရှိသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့နယ်ရှိ ပြည်သူလူထုများအား လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသည့် မြိတ်တောင်ကျေးရွာရှိ Petro & Trans Co.Ltd ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိခဲ့ကြရာ စက်ရုံတာဝန်ရှိသူတစ်ဦးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းတင်ပြပြီး  တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်ဗိုလ် က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတဆင့် ကန်ဖျားရပ်ကွက်ရှိ ဓာတ်အားပေးစက်ရုံသို့ သွားရောက်ခဲ့ကြရာ တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာက မြိတ်မြို့ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူလူထုများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပြီး စက်ရုံအတွင်းရှိ မီးစက်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။ မြိတ်မြို့နယ်အတွင်း (11)KV ဓာတ်အားလိုင်း(၆)လိုင်းဖြင့် Petro & Trans Co.Ltd မှ ဒီဇယ်မီးစက်များဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ မြိတ်မြို့ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာ(၉၄)ရွာ ရှိ ပြည်သူလူထုများမှ လျှပ်စစ်ဓာတ်အားကို (၂၄)နာရီ ရရှိသုံးစွဲလျက်ရှိကြကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )