လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ

လှိုင်းဘွဲ      ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်းဘီကျေးရွာတွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့ တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကို ဝါခေါင်လရောက်တိုင်း နှစ်စဉ်ကျင်းပသော ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွမ်းဘီကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကရင်အမျိုးသားအလံတော်အား ကရင်အမျိုးသားသီချင်း သီဆို၍ အလေးပြုခဲ့ပြီး သဘာပတိအဖြစ် ဦးစောနော်တီမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောကျော်လင်းက ကရင်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝါခေါင်လရောက်တိုင်း ချည်ဖြူဖွဲ့ပေးခြင်းအားဖြင့် လွင့်ပါးနေသော စိတ်များ တည်ငြိမ်လာခြင်း၊ သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှုမှ ကင်းဝေးခြင်း၊ စီးပွားဥစ္စာများ တိုးတက်လာခြင်း၊ ကာယစိတ္တသုခနှင့်ပြည့်စုံခြင်း စသည့် အကျိုးကျေးဇူးများနှင့် ပြည့်စုံသည်ဟု ရှေးကရင်လူကြီးသူမများက ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ချဉ်ဖြူဖွဲ့မင်္ဂလာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ပိုးကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ဖတ်ကြားခြင်း၊ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို ကရင်တိုင်းရင်းသားလူမျိုးများက ပျော်ရွင်စွာ ပါဝင်ယှဉ်နွဲခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)