မင်းဘူး(စကု)မြို့နယ်တွင် မိုးမရွာ၍ ဖူးစားပြောင်းနှင့် ပဲကြီးစိုက်ခင်းများ ပျက်စီးဆုံးရှုံး

မင်းဘူး  အောက်တိုဘာ  ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းရေနံရဲစခန်းအနီးရှိ ဖူးစားပြောင်းနှင့် ပဲကြီးစိုက်ခင်းများ စိုက်ပျိုးပြီး မြေကြီးအစိုဓာတ်ရှိ၍ အပင်ပေါက် ကောင်းသော်လည်းမိုး မရွာ၍ နေအပူရှိန်ကြောင့် အရွက်များဝါပြီး အပင်များလိမ်ခြောက်ကာ ပျက်စီးဆုံးရှုံးနေပြီဖြစ်ကြောင်း စိုက်ခင်းပိုင်ရှင် ဦးထွန်းဦးထံမှ သိရသည်။

ထိုစိုက်ခင်းများကို ဩဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းလောက်တွင် စိုက်ပျိုးပြီး မြေကြီးအစိုဓာတ် အသင့်အတင့်ရှိ၍ အပင်ပေါက်ကောင်းသော်လည်း နေအပူရှိန်များပြီး မိုးရွာသွန်းမှု မရှိသောကြောင့် အပင်များရှင်သန်ကြီးထွားမှု မရှိတော့ဘဲ နေအပူရှိန်ကြောင့် အပင်များခြောက်ရော်ကာ ဝါပြီး သေကြေပျက်စီး ကုန်ကြတော့သည်။

 "ဒီမန်းရေနံရဲစခန်းအနီးက စိုက်ခင်းတွေက ကျွန်တော့်စိုက်ခင်းတွေကများတယ် အားလုံး ၁၀ ဧကရှိတယ်။ ကျွန်တော်က ဒီနှစ်မှာ နေကြာ၊ မြေပဲ၊ နှံစားပြောင်း၊ ဖူးစားပြောင်းနဲ့ ပဲကြီးများ စိုက်ခင်းအားလုံး မျှပြီးစိုက်ပျိုးထားတာ မိုးဆက်မရွာရင်တော့ မျိုးစေ့၊ ထွန်ယက်ခ၊ အလုပ်သမားခ၊ ဆေးဖိုးနဲ့အားလုံးဆို ၈ သိန်းဖိုးလောက် ဆုံးရှုံးမှာပေါ့ဗျာ '' ဟု ကြာကန်ကျေးရွာ မန်းရေနံရဲစခန်းအနီးမှ ဖူးစားပြောင်းနှင့် ပဲကြီးစိုက် ခင်းပိုင်ရှင် ဦးထွန်းဦးက ပြောသည်။

ဇေယျာထက် (မင်းဘူး)