လှိုင်းဘွဲမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ  သြဂုတ် ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တာဝန်ထမ်းဆောင်နေသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် စွမ်းဆောင်ရည်မြှင့်မားလာစေရန်အတွက် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက မိမိရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ဝတ္တရားများ၊လုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဌာနဆိုင်ရာလုပ်ငန်းများကို သိရှိနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းက မိမိရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်မှုပေါ်တွင် မူတည်ကြောင်း၊ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ရရှိလာသော အကြောင်းအရာများ၊ အချက်အလက်များအား လိုက်နာမှတ်သားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်နှင့်ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပိုင်ကျုံမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်/ကျေးရွာ စာရေးများအား  ဩဂုတ်လ (၃၁)ရက်နေ့မှ စက်တင်ဘာလ (၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)