နတ်မောက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ဩဂုတ် ၃၀ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show တွင် ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က လူသားတို့ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ တိရစ္ဆာန်များနှင့် အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာအကြောင်းအချက်များ၊ သမိုင်းယဉ်ကျေးမှုလူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားတစ်ဦး၏ ဘဝခရီးအတွက် အမှန်လိုအပ်နေသောအချက်ဖြစ်ပြီး ကမ္ဘာမြေကြီးတွင် နေထိုင်ကြသောလူသားတိုင်းကို အသက်တစ်ရာအတွင်းသာ ရှင်သန်နေထိုင်ခွင့်ပေးထား၍ အသက်တစ်ရာနေထိုင်နိုင်သူ ရှားပါးလှသော်လည်း လူတိုင်းက အသက်တစ်ရာမကနေထိုင်လိုကြကြောင်း၊ လူသားတို့၏ ပျမ်းမျှသက်တမ်းလျော့နည်းလာခြင်းသည်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နည်းပါးခြင်းကြောင့်ဆိုနိုင်ပါကြောင်း၊ ကမ္ဘာကြီးတွင်ဘေးအမျိုးမျိုး ရန်အထွေထွေပေါ်ပေါက်လာနေသောအခါ သဘာဝပတ်ဝန်းကျင်ချို့ယွင်းလာပြီး လူသားတို့၏ ကျန်းမာရေးကိုကြီးမားစွာစိန်ခေါ်နေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်စိန်ခေါ်မှုများမှာ လူသားတိုင်း ကြုံတွေ့နေရခြင်းဖြစ်ရာ ကမ္ဘာမြေကိုထိန်းသိမ်းရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒေါ်မူမူစန်း(ရုပ်သံ/၃)က ကမ္ဘာမြေ ရေရှည်တည်တံ့စေရန်အတွက် သဘာဝတရားနှင့်အညီ ပြုမူနေထိုင်ကြရန်နှင့်အဖွဲ့လိုက် တစ်ဦးချင်းအတွက် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ နေထိုင်ပြီး ပိုမိုစိမ်းလမ်းသော ကမ္ဘာကြီးဖြစ်တည်လာရေးအတွက် တတ်စွမ်းသရွေ့ဆောင်ရွက်ပြီး သဘာဝနှင့်လိုက်လျောညီထွေစွာ နေထိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ဆွေးနွေးပြောကြားခဲ့သည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြည်သူများ ဗဟုသုတရရှိစေရန် အသိပညာပေးအစီအစဉ်များကို လစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း လွှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မူမူစန်း