သရက်ချောင်း ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ "မြိုင်ဟေဝန်" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း၊ သမဝါယမအသင်းလီမိတက်မှ ရာသီပေါ်သီးနှံထုတ်လုပ်ဝယ်ယူရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်မည့် သမဝါယမအသင်းသားများအား ချေးငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်က ရာသီပေါ်သီးနှံထုတ်လုပ်ဝယ်ယူရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်မည့် “မြိုင်ဟေဝန်” သမဝါယမအသင်းသားများအား ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းကာ အဖွင့်အမှာ စကားပြောကြားပြီး ''မြိုင်ဟေဝန်''သမဝါယမအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များက ချေးငွေနှင့် ပတ်သက်၍ လိုအပ်သည်များကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ရာသီပေါ်သီးနှံထုတ်လုပ်ဝယ်ယူရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်မည့် အသင်းသားများအား ချေးငွေထုတ်ချေးရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ပြီး အသင်းသူ/သား(၁၅)ဦးအား ချေးငွေသိန်း(၃၅၀)အား ထုတ်ချေးပေးခဲ့ ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)