ရွှေတောင် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေးဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်က မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဆန်၊ ဆီများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်တို့က လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး စက်တင်ဘာ ၂ ရက်နေ့မှ စတင်၍ ဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် အိတ် ( ၅၀၀) အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)