မင်းဘူး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ယမန်နေ့ညပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၆) ဦးထပ်မံတွေရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
ရန်ကုန် အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဌာန (NHL) ကို အောက်တိုဘာ (၁၃)ရက်နေ့က (၃၉) ဦး ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့က (၆) ဦးရောဂါပိုးတွေ့ အဖြေသိရှိခဲ့ရခြင်း ဖြစ်ကြောင်း၊ အတည်ပြုလူနာများသည် သက်ဆိုင်ရာ Facility Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိသူများဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
ပိုးတွေ့ရှိသူများမှာ မင်းဘူးမြို့ စက္ကိန္တဲ FQC မှ ထိုင်ပြန် မ (၄၅)နှစ် ကုန်းသာကျေးရွာ၊ အ.ထ.က(၂) FQC မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပြန် ကျား (၂၉)နှစ် မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ မန်းရေနံမြေ အ.ထ.က (ခွဲ) FQC မှ ရခိုင်ပြည်နယ်၊ အမ်းပြန် ကျား (၅၆) နှစ် မန်းရေနံမြေ အိမ်ရာ(၁)၊ မန်းရေနံမြေ အ.ထ.က (ခွဲ) FQC မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြန် ကျား (၅၉)နှစ် မန်းရေနံမြေ အိမ်ရာ(၃)၊ စကုမြို့ ကန်ဦးသဘာဝတရားရိပ်သာ FQC မှ ချင်းပြည်နယ်၊ ဟားခါးပြန် ကျား (၄၀)နှစ် နှင့် ကျား (၃၂)နှစ် စကုမြို့ အမှတ်(၁) ရှမ်းစုရပ် နေသူတို့ဖြစ်ပြီး အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၁) စုစုပေါင်း (၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့တွင် ယမန်နေ့ ညပိုင်းအထိ ပိုးတွေ့လူနာ (၁၄) ဦးအထိ တွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းက အမျိုးသား(၄)ဦးမှာ ကျန်းမာရေးကောင်မွန်၍ ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)