ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စိတ်ကြိုက်ပုံတူပန်းချီပြိုင်ပွဲနှင့် တစ်လအတွင်း စာဖတ်စာငှား အများဆုံးဆု ချီးမြှင့်

ရေဖြူ ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကာယ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကိုအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် စာပေမှ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကလေးများ စိတ်ကြိုက်ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကလေးများ လောကပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်လာစေရန်၊ မိမိတွေ့မြင်မှု ခံစားမှုတို့ကို ပြန်လည်ရေးသားတင်ပြတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ အရောင်များရွေးချယ်တတ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အတူ ရေဖြူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ဩဂုတ်လအတွင်း စာကြည့်တိုက်ကို လာရောက်၍ စာဖတ်စာငှား အများဆုံးငှားရမ်းဖတ်ရှုခဲ့သူ ပဉ္စမတန်းကျောင်းသူ မလင်းရတနာစိုးအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ခတ္တာ