လိပ်သိုမြို့တွင် ထောပတ်သီးပင်များ ပွင့်သီးမှုအားကောင်းသော်လည်း ပိုးမွှားကျရောက်မှုများနေ

လိပ်သို ဩဂုတ်    ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိသားစုစားသုံးရန်၊ လက်ဆောင်ပေးရန်၊ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိရန်အတွက် မိမိတို့နေအိမ်ခြံဝန်းများ အတွင်းတွင် တစ်နိုင်တစ်ပိုင်နှင့် ဥယျာဉ်ခြံကြီးများတွင် စိုက်ပျိုးထားသည့် ထောပတ်ပင်များတွင် ပိုးမွှားကျရောက်များနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယခုနှစ်ရာသီတွင် ထောပတ်သီးများ ပွင့်သီးမှုအားကောင်းသော်လည်း ပိုးမွှားများကျရောက်မှုများ ရှိနေသည့်အတွက် အသီးများရင့်မှည့်မှုမရှိခြင်း၊ ပွင့်သီးစဉ် အပင်ခြောက်သွေ့ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။

တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအပြင် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးထားသူများပင်လျှင် ပိုးမွှားကျရောက်မှုများနှင့်ရင်ဆိုင်နေရပြီး ပိုးမွှားအန္တရာယ်ကျရောက်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်း သိရှိမှုအားနည်းခြင်း၊ ထောပတ်ပင်များကို စီးပွားဖြစ်အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် ပြုစုစောင့်ရှောက်ရန်နည်းပညာများ လိုအပ်နေခြင်းတို့ကြောင့် ထောပတ်ပင် စိုက်ပျိုးသူ တောင်သူများ အခက်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)